MNA လေယာဉ်ကြောင်းလိုင်းကို ပစ်ခတ်ဆိုသော စစ်တပ်၏ထုတ်ပြန်မှု လုပ်ကြံမှုသာဖြစ်ဟု KNPP က တုံ့ပြန်

ရန်ကုန်၊ အောက်တိုဘာ ၁
စစ်ကောင်စီ လက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA လေယာဉ် ပစ်ခတ်ခံရမှု အပေါ် စစ်ကောင်စီဘက်က KNPP ပစ်ခတ်သည်ဟု ထုတ်ပြန်ခြင်းသည် သက်သေမရှိဘဲ တမင်ကြံရွယ် အမည်ဖျက်သော စစ်တပ်၏ လုပ်ကြံမှုဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ထုတ်ပြန်သည်။
စက်တင်ဘာ ၃၀ရက် နံနက်ပိုင်း မြန်မာအမျိုးသားလေကြောင်းလိုင်း MNA လေယာဉ်တစ်စီး လွိင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် အမြင့်ပေ ၃၅၀၀ခန့် လေယာဉ် ပြေးလမ်းမြောက်ဘက် လေးမိုင်ခန့် အကွာ၌ KNPP နှင့် PDF တို့က ပစ်ခတ်ခဲ့၍ ခရီးသည် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်မှုများသည် သံသယဖြစ်စရာများ ပါဝင်နေပြီး အဖွဲအစည်းများ၏ အမည်ကို တပ်၍ ခရီးသည်လေယာဉ်ကို အကြမ်းဖက်တိုက်ခိုက်သည်ဟု စွပ်စွဲပြောဆိုခြင်းသည် သက်သေမရှိဘဲ တမင်ကြံရွယ်ကာ အမည်ဖျက်ရန် စစ်ကောင်စီ၏ လုပ်ကြံမှု သပ်သပ်မျှသာ ဖြစ်သည်ဟု ကောက်ချက်ချနိုင်ကြောင်း ၊ စစ်ကောင်စီက ယင်းသို သတင်းထုတ်ပြန်ပြီး KNPPနှင့် PDF တိုသည် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ်များကို တိုက်ခိုက်ပစ်ခတ်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည်ဟု စွပ်စွဲထားကြောင်း၊ ယင်းဖြစ်စဉ်ကို လေ့လာစုံစမ်းခဲ့ရာ အမြင့်ပေ ၃၅၀၀တွင် အောက်ခြေမြေပြင်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်သည်ဆိုသည်မှာ လက်နက်ငယ်၏ ပစ်အားအရှိန်နှင့် ကျည်ဆံပြေးလမ်းတိုအရ မည်သို့မှမဖြစ်နိုင်ဟု KNPPက ပြောသည်။
စစ်ကောင်စီအနေဖြင့်လည်း လွိင်ကော်မြို့အလယ်၊ မြို့အဝင်အထွက်များ၊ လွိုင်ကော်လေဆိပ်၊ လေယာဉ် ကွင်း၊ ပြေးလမ်းနှင့် ဆက်စပ် ဧရိယာ နယ်နိမိတ် ပတ်ပတ်လည်တိုတွင် အထူးအရေးကြီး လုံခြုံရေးနယ်မြေအဖြစ် စစ်အင်အား ထူထပ်စွာ ချထား၍ လေယာဉ်ပြေးလမ်းမြောက်ဘက် ၄မိုင် အကွာ၌ KNPP တပ်ဖွဲဝင်များ ဝင်ရောက်လှုပ်ရှားရန် မဖြစ်နိုင်ကြောင်း၊ ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိသူသည် သာမန်ပြည်သူမဟုတ်ဘဲ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးစာရေး သိန်းစိုးညွန့် ဆိုသူ ဖြစ်နေသည့်အပြင် ရိုက်ကူးထားသည့် လေယာဉ်ကိုယ်ထည် ဓာတ်ပုံတွင် သတ္တုစ အပြင်ဘက်သို လန်ထွက်နေခြင်း၊ ကျည်ရာကအပြင်ကို ဖွာပြီး အ၀ကျယ်နေခြင်းတိုကြောင့် အပြင်ဘက်က ပစ်ခတ်မှု မဖြစ်နိုင်ကြောင်း KNPP ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
KNPPအနေဖြင့် အာဏာရှင်စနစ်ပပျောက်ရေး၊ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် အခြား အဖွဲအစည်းများ နှင်လည်း ပူးပေါင်းဆောင်ရွက်နေပြီး အကြမ်းဖက်လုပ်ရပ်များ အတွက် မူဝါဒမရှိ၊ လမ်းညွှန်ချက် မပေးထားကြောင်း အသိပေးထုတ်ပြန်သည်။