ကျော်ဟိန်းဟုခေါ်သည်

၁၉၆၂ ခုနှစ်ဝန်းကျင်။ မိတ္ထီလာမြို့မှ ထွက်ခွာလာသည့် ဝါဂွမ်း အိတ်များ အပြည့်တင်ဆောင်လာ သော ကုန်တင်ကားကြီးတစ်စီး သည် ရန်ကုန်-မန္တလေးလမ်း ဟောင်းကြီးပေါ်တွင် တအိအိ ဖြင့် မောင်းနှင်လာလေသည်။ ထို ကားကြီးပေါ်တွင် အသက်(၁၅) နှစ်ဝန်းကျင် ကလေးငယ်နှစ် ယောက်သည် ဝါဂွမ်းအိတ်များ ကြားတွင် မျက်စိမျက်နှာပျက်ကာ ကျပ်ကျပ်တည်းတည်းဖြင့် ထိုင် ရင်းလိုက်ပါလာသည်။ ထိုကလေးနှစ်ယောက်အနက် တစ်ဦးမှာ မောင်ကျော်ဌေးခေါ် ကျော်ကြီး ဖြစ်လေသည်။ ကျော်ကြီး စိတ် တွေ လေနေသည်။ သူ အိမ်မပြန် ချင်။ သူ ဘာဆက်လုပ်ရမည်လဲ မသိ။
ကျော်ကြီးသည် ရန်ကုန်စမ်း ချောင်းက ကျောင်းကုန်းလမ်းတွင် နေပါသည်။ သူသည် အခြေအ နေမဲ့တစ်ယောက်တော့ မဟုတ် ပါ။ သူ့ဖခင်မှာ ဗြိတိသျှခေတ် ခရိုင်ရဲဝန်တစ်ယောက်။ သို့သော် သူ့အဖေတွင် သြဇာအာဏာမရှိ တော့။ သူလူမှန်းသိတတ်စအချိန် တွင် အဖေသည် အငြိမ်းစားယူပြီးလေပြီ။ သို့သော် အဖေသည် ယခင်က ရှိခဲ့ဖူးသော ဂုဏ်တွေ ကြောင့် မာန်ကတော့ ဘယ်တော့ မှမချ။ ကျော်ကြီး အဖေ့ကို ကြောက်ရသည်။
ကျော်ကြီးတို့သည် အဖေ၏ ဦးဦးဖျားဖျား သားသမီးရတနာ များတော့ ဖြစ်ခွင့်မရခဲ့ကြပါ။ ကျော်ကြီး၏အမေ ဒေါ်ချိုချိုသည် ဒုတိယမြောက် အိမ်ထောင်သာ ဖြစ်သည်။ အမေ့အတွက်လည်း ကျော်ကြီး စိတ်မကောင်း။ ထိုခံ စားမှုကို ဒုတိယလူဒေါ်ချိုချို အ မည်ဖြင့် ဝတ္ထုလေးတစ်ပုဒ်တောင် ကျော်ကြီး ရေးခဲ့ဖူးသည်။ ဒုတိယ အိမ်ထောင်မှရသည့် ကျော်ကြီး တို့ သားသမီးတွေသည် မျက်နှာ ငယ်ခဲ့ရသည်။
အဖေက ပင်စင်စား အမေ က မှီခို၊ သားသမီးက ခြောက် ယောက်မို့ ကျော်ကြီးတို့ မိသားစု အဆင်မပြေလှပါ။
ကျော်ကြီးကို အိမ်က တစ် ရက်လျှင် မုန့်ဖိုးတစ်မတ်သာ ပေး နိုင်သည်။ ကျောင်းကို ကြည့်မြင် တိုင်ဘူတာမှတ်တိုင်ကနေ ကား စီးသွားမည်ဆိုလျှင် ၁၀ ပြား ပေး ရသည်။ အသွားအပြန် ဘတ်စ် ကားခ ပြားနှစ်ဆယ်ကျတော့ သူ့ မှာ ငါးပြားသာ ကျန်သည်။ ထိုငါးပြားက ဘာမှဝယ်စား၍မရ။ ကျောင်းမုန့်ဈေးတန်းမှာ ငါးပြား တန်မုန့်မရှိ။ သို့သော် ကျော်ကြီး လူရည်လည်ပါသည်။ ကျောင်း က ထမင်းကြော်ရောင်းသည့် ဦး လေးကြီးကို ပေါင်းထားပြီး သူခိုင်း တာတွေလည်း ကူလုပ်ပေးသည်။ သူကျွေးသည့် ထမင်းကြော်ဖြင့် ကျောင်းမုန့်စားဆင်းချိန် ကျော် ကြီး ဝမ်းပြည့်ရလေသည်။
ကျောင်းပြန်လျှင်လည်း ရင်း နှီးနေသည့် ဘတ်စ်ကားတွေကို ကျော်ကြီးစောင့်ပြီးစီးပါသည်။ထို ကားပေါ်က ဒရိုင်ဘာတွေ၊ စပယ် ယာတွေက ကျော်ကြီးကို ချစ်ခင် ပြီး ကားခမယူတော့။ အပိုထွက် လာသည့် ကျောင်းမုန့်ဖိုးလေး တွေကိုစုကာ ကျော်ကြီး လိုအပ် တာလေးတွေ ဝယ်ပါသည်။ ထိုအချိန်ကတည်းက ကျော်ကြီး ငွေစုတတ်သည့် အလေ့အကျင့် ကောင်း စရခဲ့သည်။
ကျော်ကြီး ကျောင်းကနေ ပြန်လာလျှင် လမ်းထဲက ပျော်ရွှင် နေသည့် မိသားစုတွေကို ကြည့် ကာ အားကျရင်း သူ့ဘဝကိုယ်သူ အားမလိုအားမရဖြစ်ခဲ့သည်။ သူ တို့အိမ်ရှေ့ကနေ ကားတွေတဝီဝီ ဖြတ်သွားတိုင်း သူ့ဘဝကို သူရင် မောကာနေခဲ့သည်။ ငါ ဒီအတိုင်း လမ်းထဲမှာ ဒီလိုပဲနေသွားရတော့ မှာလားဆိုသည့်အတွေးက မကြာ ခဏဝင်လာသည်။ ထို့ကြောင့် သူ မကြာခဏ အိမ်က ထွက်ပြေး သည်။ ထွက်ပြေးသည်မှာ ဆယ့် ခြောက်ခါလောက်ရှိပြီ။ ထို့ ကြောင့် ကျော်ကြီး အိမ်မှာ မနေ ချင်တော့။ ကျော်ကြီး အိမ်က ထွက်ပြေးသည်။
အခုလည်း အိမ်ကထွက်အ ပြေး လမ်းမှာ ရွယ်တူကောင်လေး တစ်ယောက်နှင့်တွေ့ပြီး သူ လည်း စိတ်လေနေသည်ဆိုတာ ကြောင့် ‘‘မင်းနဲ့ ငါနဲ့ စစ်ထဲဝင် မလား’’ဟု မေးကြည့်တော့ ဝင် မယ်ကွာဆိုတာနှင့် ကျော်ကြီးတို့ သေတ္တာလေးတစ်လုံးဆွဲကာ မိတ္ထီ လာကို ရောက်လာကြသည်။ သို့ သော် အသက်မပြည့်သေး၍ လက်မခံလိုက်။ ကျော်ကြီးတို့နှစ် ယောက် လှည့်ပြန်ခဲ့ရပြီး ဝါဂွမ်း ကားကြီးနှင့် ရန်ကုန်ဘက် လမ်း ကြုံ လိုက်စီးခဲ့ရခြင်း ဖြစ်လေ သည်။
ရန်ကုန်ရောက်တော့ ကား ပေါ်ကအဆင်း အိမ်မပြန်သေးဘဲ ပြည်လမ်းဘက်မှတစ်ဆင့် နတ်တ လင်းဘက် ဆက်ပြေးကြသည်။ ကျော်ကြီးတို့နှစ်ယောက် နတ်တ လင်းဘက်က ဆိတ်ကျောင်းသည့် တဲလေးတစ်တဲမှာ ကပ်နေရ သည်။ နတ်တလင်းဘူတာမှာ ကုန်စိမ်းတောင်းတွေ အတင်အချလုပ် ရသည်။ တစ်တောင်းကို ၃၅ ပြား ရသည်။ သို့သော် ကျော်ကြီးတို့ မရ။ သူတို့ကိုတင်ခေါ်ထားသည့် ဆိတ်ကျောင်းတဲ့ကောင်က သိမ်း သွားသည်။ သူက ကျော်ကြီးတို့ကို ထမင်းတစ်နပ်ပဲကျွေးသည်။ ည အိပ်တော့ ကျော်ကြီးတို့နှစ် ယောက် အိမ်အောက်က ဆိတ် တွေကြား အိပ်ရသည်။
ထိုသို့နေထိုင်ရင်း တစ်ပတ် ဆယ်ရက်ခန့်အကြာ ကျော်ကြီး အဒေါ်က လိုက်ရှာတွေ့ပြီး ရန် ကုန်ပြန်ပါသွားသည်။ ကျော်ကြီး ကမာရွတ်ထဲက ဒေါ်သာထက် ကျောင်းမှာ တက်ရသည်။ ကိုး တန်းရောက်ပြီဖြစ်သည်။ ကိုးတန်းတွင်လည်း သုံးနှစ်တောင် ကျသည်။ ထိုသို့နေလာရင်း ကျော် ကြီး လူမိုက်ဂိုဏ်းတစ်ခုထဲရောက်ဖို့ အကြောင်းဖန်လာလေသည်။ ထိုဂိုဏ်းကတော့ စိန်ဂေါ်လီတဲ့။
ကျော်ကြီး ဖခင်ကို ချစ် လည်းချစ်သလို ကြောက်လည်း ကြောက်ပါသည်။ သို့သော် အဖေ့ကိုတော့ နားလည်ပေးလို့မရပါ။ အဖေ့တွင် ညီဝမ်းကွဲတစ်ယောက် ရှိပါသည်။ သူ့တွင်သားသမီးငါးယောက်ရှိပြီး ငါးယောက်လုံး ဆရာဝန်တွေ။ အဖေက ကျော်ကြီးတို့ကို သူ့ညီမိသားစုနှင့် နှိုင်းနှိုင်းပြီး မကြာခဏ ပြောလေ့ရှိသည်။ ‘‘ရှက်တယ်ကွာ၊ ရှက်တယ်ကွာ ငါ မင်းတို့ကို သူတို့ဆီခေါ်သွားရမှာ ရှက်တယ်ကွာ’’တဲ့။ သူ့ညီ၏ သားသမီးတွေ ဘယ်လိုနေရထိုင်ရ စားသောက်ရ ပညာသင်ကြားခွင့်ရတာတွေကျ အဖေက ထည့်မပြောခဲ့။ ကျော်ကြီးကို အဖေက မကြာခဏ ပြောဖူးသည်က ‘‘ခွေးဖြစ်မယ့်ကောင်’’တဲ့။
ထိုသို့အပြောခံရတိုင်းကျော် ကြီး စိတ်ထဲခံစားရသည်။ နောက် ပိုင်း တစ်ယောက်ယောက်က နှိမ် သလိုလို၊ အထင်သေးသလိုလို မျက်နှာပေါက်နှင့် လာပြောပြီဆို ချက်ချင်းထထိုးကြိတ်ပြီး ဘာလို့ ဒီလိုကြည့်တာလဲဟု မေးချင်လုပ် ချင်စိတ်တွေ ပေါက်လာခဲ့သည်။ ထိုစိတ်တွေက ကျော်ကြီး လူမိုက် တစ်ယောက်ဖြစ်လာစေဖို့ လမ်းစ ဖြစ်မှန်းမသိဖြစ်လာစေခဲ့သည်။

ကြည့်မြင်တိုင်ထဲက ဟွာ ကျုံးတရုတ်ကျောင်းမှာ တစ်နှစ် တစ်ခါလုပ်သည့် ပွဲတော်တစ်ခု ရှိသည်။ ကျောင်းပြန်တက်ရင်း ထိုပွဲတော်မှာ ကျော်ကြီးတို့အဖွဲ့ တွေ လာသည့်ကားတွေကို သွား စောင့်ပေးသည်။ ကားရှင်တွေက မုန့်ဖိုးတွေပေးကြသည်။ ထိုအချိန် တခြားအဖွဲ့ကလည်း ကျော်ကြီး တို့အဖွဲ့လို ကားလာစောင့်ရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်စောင်ကြ တော့သည်။ ကျော်ကြီးတို့ကလေး ခွနှင့်ပစ်သည်။ ပစ်တာမှ ရိုးရိုး လောက်စာလုံးနှင့်မဟုတ်။ ဖန် ဂေါ်လီလုံးတွေနှင့်ပစ်သည်။ ထို ဖန်ဂေါ်လီတွေက ညဘက်မှာ ပြောင်လက်နေတာမို့ စိန်ဂေါ်လီ ဟုခေါ်ကြသည်။ စိန်ဂေါ်လီအဖွဲ့ မှာ ရန်ကုန်မှာတင် အဖွဲ့ဝင်ငါး ရာကျော်လောက် ရှိတာကြောင့် အတော်ပင်အင်အားတောင့်တင်း သည်။ ကျော်ကြီး စိန်ဂေါ်လီဂိုဏ်း သား လူမိုက်လေးဖြစ်လာတော့ သည်။
ကျော်ကြီး အတော်ပင်ပေခဲ့ပါသည်။ အိမ်မပြန် လေလွင့် သည့် ရက်တွေလည်းအများကြီး။ ကြံတောသင်္ချိုင်းမှာလည်း ကာလ အတော်ကြာ ခိုဝင်နေခဲ့ဖူးသည်။ သင်္ချိုင်းထဲက ဖဲဝိုင်းတွေမှာ ကျော်ကြီး ပျော်ခဲ့သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိ တော့ ဘယ်လိုမှ အားရစရာတစ် ကွက်မှမရှိ။ ငါ့ဘဝကြီးက ဒီအ တိုင်းကြီးပဲ ပြီးသွားတော့မှာလား ဒီအတိုင်း နေလို့မဖြစ်ဘူးဟုဆို သည့်အတွေးကလည်း မကြာ ခဏ ဝင်ဝင်လာသည်။
ကျော်ကြီး ကိုးတန်းအောင် ဆယ်တန်းရောက်တော့ အပေါင်းအသင်းတွေ စုံလာလေပြီ။ ထိုအချိန်က ပျော်ပွဲရွှင်ပွဲတွေ ခေတ်စားတာမို့ ပါတီတွေလည်း လုပ်လိုက်တာမနည်း။ ကျော်ကြီးတို့က ထိုပါတီတွေကို သိသိမသိသိ၊ ဖိတ်ဖိတ်မဖိတ်ဖိတ် တက်သည်။ သီချင်းတွေလည်း တက်ဆိုလိုဆို မကြာခဏ ရန်ပွဲတွေ၊ ရိုက်ပွဲတွေဖြစ်သည်။ တစ်ခါ ရန်ဖြစ်တော့ ကျော်ကြီး ဓားနှင့်ခုတ်လိုက်၍ တစ်ဖက်လူ ညာဘက်လက် ရှပ်ထိမိသွားပြီး လက်သန်းတောင်ပြတ်သွားသည်။ ထို့နောက် သူငယ်ချင်းကိုးယောက် ဆယ်တန်းဆက်မဖြေတော့ဘဲ ရေတပ်ထဲ ဝင်ခဲ့ကြသည်။ ရေတပ်မှာလည်း တစ်နှစ်လောက်ကြာတော့ ထွက်ခဲ့ကြပြန်သည်။ သို့သော် ရေတပ်ထဲကထွက်သည့်အချိန် ကျော်ကြီးတို့အမြတ်တစ်ခုတော့ ရလိုက်ကြသည်။ ပရမ်းပတာနေခဲ့ကြသည့် ကျော်ကြီးတို့ အပိုးကျိုးသွားခဲ့လေသည်။
ကျော်ကြီး ရန်ကုန်ပြန် ရောက်သည်။ ထိုအချိန် ရုပ်ရှင် ကောင်စီက မင်းသား၊ မင်းသမီး ခေါ်သည်။ အရွေးခံရပြီး ရုပ်ရှင် ရိုက်ရလျှင် ပိုက်ဆံရမည်တဲ့။ ခက် သည်က သူ့မှာ လျှောက်လွှာတွင် ပါရမည့် ဓာတ်ပုံရိုက်ဖို့ပင် ပိုက် ဆံကမရှိ။ သူငယ်ချင်းတွေက ငါး မူးတစ်ကျပ်စီစုပြီး ဓာတ်ပုံဖိုးဝိုင်း စိုက်ပေးကြသည်။ အနုပညာအ မည်က မောင်မောင်ကျော်။ ရည် ရွယ်ချက်က ‘ကြီးကျယ်ချမ်းသာ သော လူတစ်ယောက်ဖြစ်ရမည်’ တဲ့။
နောက်ဆုံး ကျော်ကြီး အ ရွေးခံရပါသည်။ သို့သော် ရုပ်ရှင် ရိုက်ဖို့ မည်သူကမှမငှား။
ပထမဆုံး ရုပ်ရှင်စရိုက်သည့်အချိန်က အဖြစ်အပျက်တွေ ကျော်ကြီးမမေ့။ ကျော်ကြီး မင်းသားမဖြစ်သေးခင် အိမ်ထောင်ကျ သည်။ ထိုအိမ်ထောင်ရယ်၊ အမေ့ ကျေးဇူးရယ်ဖြင့် ကျော်ကြီး ပထမ ဦးဆုံးဇာတ်ကား စရိုက်ခွင့်ရ သည်။ သို့သော် ချောချောမော မောတော့မဟုတ်။
ထိုဇာတ်ကားက မန္တလေးမှာ သွားရိုက်ရသည်။ သို့သော် ကျော် ကြီးကို ရထားလက်မှတ်ပင် ဝယ် မပေး။ ရုပ်ရှင်မင်းသမီး ဒေါ်စံရှားတင်က ဟဲ့မောင်ကျော် လာ တို့နဲ့ လိုက်ခဲ့ဟု ခေါ်ပေးခဲ့သဖြင့် မန္တ လေး ရောက်ခဲ့ရသည်။ ဟိုရောက် တော့ ဒါရိုက်တာက ပြောသည်။ ‘‘ရီဂျက်တစ်ခါဖြစ်တာနဲ့ (မှားလို့ ပြန်ရိုက်ရတာနဲ့) ကိုယ့်စရိတ်နဲ့ကိုယ် ရန်ကုန်ပြန်ပေတော့’’ တဲ့။ ကျော်ကြီးစိတ်ထဲ ဒိုင်းခနဲဖြစ်သွားသည်။ ကျော်ကြီးက စိန်ခေါ်ရင် တိမ်ပေါ်အထိ လိုက်ဆော်ချင်သူ။ ချမယ်ဟု ပြောလိုက်သည်။
ဇာတ်လမ်းအရ ကျော်ကြီး က ဆရာဝန်။ မင်းသမီးက မြင်းလှည်းသမားသမီး။ အမေက ဒေါ်စံရှားတင် ၊ ကျော်ကြီးကို အောက်တန်းစား မိန်းကလေးနဲ့ ပတ်သက်ရပါ့မလားဟု ဆူတော့ ကျော်ကြီး ပြန်ပြောရမည့်အခန်း။ ကျော်ကြီးကလည်း သူ့ဘဝမှာ တစ်ဖက် ဆွေမျိုးအသိုင်းအဝိုင်းက မတူမတန်အပြောခံနေရသည့်အချိန်။ ရင်ထဲမှာ မွန်းကျပ်နေအောင် ခံစားနေရတာမို့ ပြော ကောင်းကောင်းနှင့် ပြောချလိုက် တာများ ဇာတ်ညွှန်းထဲပါတာတွေ ရော၊ မပါတာတွေရော ဒါရိုက်တာက ဟိုးဟိုးဖြင့် တားယူရ သည်။
ထိုသို့ မခံချင်စိတ် တသီ တတန်းကြီးဖြင့် ချလာရင်း ရုပ် ရှင်ကားတချို့ ဆက်ရိုက်လာရ သည်။ နောက်ဆုံးသုံးကား လောက်ရိုက်အပြီး နုနုငယ်ငယ် ဇာတ်ကားကျမှ လူသိကာ ကျော် ဟိန်း ဖြစ်လာတော့လေသည်။
ကျော်ဟိန်းဖြစ်လာပြီး သူ ရုပ်ရှင်ဇာတ်ကားတွေ အများကြီး ရိုက်လာရသည်။ သီချင်းတွေပါ သူဆိုသည်။ အဲဒီအချိန် ငုပ်လျှိုး ကွယ်ပျောက်နေသည့် ငယ်စဉ်က လမ်းသရဲစိတ်ကလေး အလည် ပြန်လာခဲ့သည်။ တခြားမဟုတ် မူးယစ်ဆေးဝါးကိစ္စ။ မူးယစ်ဆေး အကူအညီနဲ့ တွေးရတာ မိုက် တယ်တဲ့။ သူ ဘိန်းဖြူနံပါတ်ဖိုး ချသည်။ ရုပ်ရှင်ရိုက်၍ ပိုက်ဆံ ရလာလျှင် ထိုငွေကို သုံးပုံပုံတစ်ပုံ ကို ဆေးသုံးသည်။ ဆေးထိုးတာ မဟုတ် ဆေးလိပ်ထဲထည့်ပြီး ရှူ တာဖြစ်သည်။ တစ်ပုံကို စားဖို့ ထားသည်။ တစ်ပုံကတော့ စု သည်။ မစု၍မရ။ ဆင်းရဲမှာ သူ ကြောက်သည်။
သူဘိန်းဖြူသုံးနေတာကို သူ လေးစားသည့်သူတွေသိမှာတော့ ကိုကျော် ကြောက်ပါသည်။ သူ ဘယ်သူ့မှမကြောက်ချင်။ ဘယ် သူ့အချုပ်အကိုင် လွှမ်းမိုးမှုလည်း မခံချင်။ ခက်သည်က ခုဘိန်းဖြူရဲ့ လွှမ်းမိုးမှုကို သူခံနေရပြီ။ သူဘာ လုပ်မည်နည်း။ ဘိန်းဖြူကြောင့် တခြားသူက သူ့ကိုလွှမ်းမိုးတာ တစ်ပါးသူကို ကြောက်နေရမှာ သူ ကြောက်လာသည်။ ဟုတ်ပြီ ဒါဆို သူဖြတ်မှရတော့မည်။
ခက်သည်က သူတော်တော် လေး စွဲနေပြီ။ ဘယ်လောက် တောင် စွဲသလိုဆို သူဘိန်းသုံး သည့်အခန်းက အိမ်မြှောင်တွေ ပင် ဘိန်းဖြူစွဲကုန်သည်။ သူရ အောင်ဖြတ်မည်ဟုဆုံးဖြတ်လိုက် သည်။ ဘိန်းဖြူတစ်လိပ်ကို ဖြေ အဝချပြီးသည်နှင့် အထုပ်လိုက် ကြီးကို အိမ်သာထဲ ရေသွန်ချ လိုက်လေသည်။ ကိုယ့်ကိုယ် ကိုယ်တော့ ဟုတ်လှပြီအထင်နှင့် ဘိန်းစည်းစိမ်လေး မှိန်းနေခိုက် နှစ်နာရီလောက်ကြာတော့ တဖြည်းဖြည်းပြယ်သွားသည်။ ထိုအခါ ကိုကျော် မနေနိုင်တော့။ အိမ်သာထဲပြန်သွားကာ အိမ်သာဘေးနှုတ်ခမ်းတွေထိ ကျန်များကျန်ခဲ့မလား သွားရှာလေသည်။ သတိဝင်လာတော့လည်း ကိုကျော် ရှက်မိသည်။ အဲဒီနောက် ဇွတ်ကိုဖြတ် တော့သည်။ စိတ်အားထက်သန်မှု ကြောင့် ပြတ်သွားခဲ့ပါသည်။ ကို ကျော် သူ့စိတ်ကိုသူယုံကြည်လာ သည်။ ငါ တကယ်လုပ်ချင်ရင် တ ကယ့်ကိုဖြစ်တယ်။ ငါ့စိတ်ကို ငါ နိုင်တယ်လို့ ယုံကြည်လာခဲ့သည်။
နောက်ပိုင်း ဘိန်းဖြူတင် မက မကောင်းတာတွေ အကုန် ဖြတ်မယ်ဆိုပြီး စီးကရက်လည်း ဖြတ်၊ သူ အလွန်ကြိုက်သည့် ကော်ဖီပါဖြတ် နောက်ဆုံး ရာသက်ပန် သားငါးစားတာကိုပါ ဖြတ်လိုက်နိုင်လေသည်။
ထို့နောက် ကျော်ဟိန်းဟု အ မည်ရသည့် ကိုကျော်သည် ရုပ်ရှင် အနုပညာကို တစိုက်မက်မက် ရူးသွပ်စွာ ကြိုးစားခဲ့ပါသည်။ သူ ရူးသွပ်လွန်း၍ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ၊ သရုပ်ဆောင်အ ချင်းချင်းတွေ ကတောက်ကဆ ဖြစ်ရတာတွေလည်း ရှိခဲ့ပါသည်။
ကျော်ဟိန်းက မင်းသား ထက် သရုပ်ဆောင်ဖြစ်လိုသူ။ သူ သရုပ်ဆောင်ရမည့် ဇာတ်ကောင် ၏ စရိုက်ကိုပဲ ပီပြင်အောင်သရုပ် ဆောင်ချင်သူဖြစ်သည်။ ထိုစိတ် ဓာတ်က သူပထမဆုံးအကယ်ဒမီ ရခဲ့သည့် ‘အကာကအချစ် အနှစ် က မေတ္တာ’တွင် သက်သေပြခဲ့ သည်။ တင်ပါးနှစ်ဖက် ပြောင် နေအောင် ခါးတောင်းကျိုက်ပြီး ရေနံချေးသုတ်ခဲ့သည့် ဇာတ်ဝင် ခန်းကလည်း ဇာတ်ကောင်စရိုက် ပီပြင်စေခဲ့ပြီး အကယ်ဒမီထူးချွန် ဆုပင် ရရှိခဲ့ပါသည်။
ဗီဒီယိုတွေ ပေါ်လာတော့ လည်း ဗီဒီယိုဈေးကွက်မှာ ဦး ကျော်ကားတွေက ဇာတ်ကား ကြေး အမြင့်ဆုံးရခဲ့ပါသည်။ လူ ကြီး၊ လူလတ်ပရိသတ်တွေက ကျော်ဟိန်းမှ ကျော်ဟိန်း။ အကြွေးဇာတ်ကားထဲ ဆယ်နှစ်ဆယ်နှစ် ဟု ပြောသည့်စကားလုံးက ယခု အချိန်ထိ မှတ်မှတ်သားသားရှိကြ ဆဲ။ လူငယ်တွေအတွက် လူကြီး တွေပြောချင်သည့်စကားလုံးတွေ ကိုလည်း ကျော်ဟိန်းက ဇာတ် ကားထဲကနေပြောပေးသည်။
ခေတ်ကို မျက်ခြည်မပြတ် အသစ်ထဲက လက်စလက်နရှိ သည့်လူငယ်တွေနဲ့လည်းဦးကျော် တွဲပါသည်။ တချို့ကတော့ ကွယ် ရာမှာ စကားတင်းဆိုကြသည်။ အဲဒီဘိုးတော်က နင်တို့ကိုမှီပြီး ပြန်တက်ဖို့ ကြိုးစားနေသည်တဲ့။ ဦးကျော် ဘာမှမပြော။ လုပ်စရာရှိ တာတွေသာ ဦးကျော်လုပ်သည်။
အကယ်ဒမီပွဲကို သူမရလျှင် လာမတက်ဘူးဟုလည်း ဦးကျော် က လူပြောများသည်။ တစ်နှစ်က သူအကယ်ဒမီရတော့ ဝတ်စုံအ နက်ဖြင့် ဘယ်ကမှန်းမသိသည့် ကောင်မလေးတစ်ယောက် အ နမ်းဝင်ပေးသွားသည်ကလည်း ထိုအချိန်က လစဉ်ထုတ် မဂ္ဂဇင်း တွေမှာ အထူးပြောစရာ ဖြစ်ခဲ့ သည်။
ရုပ်ရှင်တင်မက သီချင်း တွေပါ ဦးကျော် ဆိုခဲ့ပါသည်။ နောက်ပိုင်း အာရုံသစ်အမည်ဖြင့် ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ တာဝန်ယူကာ သူကိုယ်တိုင်သရုပ် ဆောင်ပြီး ဇာတ်ကားတွေရိုက်ခဲ့ ပါသည်။ သူ့အတွေးတွေက အ နည်းငယ်ဆန်းသဖြင့် ရှိပြီးသား မြန်မာရုပ်ရှင်ပရိသတ်နှင့် သိပ်အံ ဝင်ခွင်ကျမဖြစ်။ သို့သော် စကား လုံးတွေက စေတနာပါသည်။ ဦးကျော်က လူငယ်တွေအတွက် ပြောချင်တာတွေ အတော်များ သည်။ ငယ်စဉ်ကတည်းက ဘိန်း စားဘဝကနေ အကယ်ဒမီအများ ကြီးရသည့် နိုင်ငံကျော်ရုပ်ရှင်မင်း သားတစ်ယောက်ဘ၀ ရောက်ဖို့ ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသူ။ သူ့လိုပဲ လူငယ်တွေကို အောင်မြင် စေချင်သည်။ ကြိုးစားစေချင် သည်။
ဦးကျော်၏ ခြံကြီးက ရန် ကုန်မြို့ကြီးမှာ အတော်ပင် ကျယ် ဝန်းလှသည်။ ခြံထဲမှာ အိမ်တွေ လည်း အများကြီး။ ရုပ်ရှင်ရိုက် သည့်အခါ ဆက်တင်တဲ့။ ငယ် စဉ်က ဘတ်စ်ကားခမတတ်နိုင်၍ စပယ်ယာကို မျက်နှာချိုသွေးစီး ခဲ့ရသူ ကျော်ကြီးဆိုသည့်ကောင် လေးသည် အခုတော့ သူ့ခြံဝင်း ထဲမှာ သူပိုင်ဆိုင်သည့်ကားတွေ က လေးငါးခြောက်စီးမက။ သူ့ ငယ်အိပ်မက်တွေ အကောင်အ ထည်ပေါ်ခဲ့လေသည်။
မြန်မာနိုင်ငံ၏ ထိပ်တန်းအနုပညာရှင်ကြီးဖြစ်သည့် ဦးကျော်ဟိန်းသည် အသက် (၆၁)နှစ်အရွယ်အရောက် ၂၀၀၈ ခုနှစ်တွင် ပရိသတ်များ အံ့သြစေမည့်သတင်းတစ်ခု ယူဆောင်လာပေးခဲ့ပါသည်။ မင်းသားကြီး ကျော်ဟိန်း သာသနာ့ဘောင်သို့ အပြီးဝင်ရောက်သွားပြီတဲ့။ သူ့ပရိသတ် များက နှမြောကြသည်။ တချို့က တော့ စတန့်ထွင်ပြန်ပြီနေမှာဟု ဆိုကြသည်။ ဒီတစ်ခါတော့ စတန့်ထွင်တာမဟုတ် တကယ် ဝင်တာဖြစ်ကြောင်း ဦးကျော်ဖြေခဲ့ ဖူးပါသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဦးကျော်ဟိန်းဘဝမှ သည် ဦးကိတ္တိသာရဘဝသို့ လှမ်း တက်သွားခဲ့ပါသည်။ တစ်ခါ တစ်ရံ ဆရာတော်၏ တရားပွဲ သတင်းတချို့ ရံဖန်ရံခါကြားရ တတ်သည်။ ဘယ်အချိန်များပြန် ထွက်လာပြီး ရုပ်ရှင်ရိုက်ဦးမလဲ ဟု ထင်သူကထင်သည်။ သို့သော် ဦးကျော် လူ့လောကသို့ ပြန်မဝင် လာခဲ့ပါ။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းဆိုးတစ်ခု တက်လာခဲ့ပါသည်။ ဦးကျော် ဟိန်းတစ်ဖြစ်လဲ ဆရာတော် ဦး ကိတ္တိသာရသည် မြန်မာစံတော် ချိန် မနက် ၉ နာရီ ၂၇မိနစ်တွင် ဩစတြေးလျနိုင်ငံ ကင်ဘာရာ မြို့၌ ပျံလွန်တော်မူသွားပြီတဲ့။ ကျော်ဟိန်းပရိသတ်များ စိတ်ထဲ ထိခိုက်ကြလေသည်။ ထူးခြားစွာ တိုက်ဆိုင်မှုမှာ လွန်ခဲ့သည့်၁၃နှစ် ၂၀၀၇ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ကလည်း ဦးကျော်ဟိန်း၏တူ နာမည်ကျော် သရုပ်ဆောင်ဒွေး ကွယ်လွန်ခဲ့ခြင်းဖြစ်လေသည်။
ကျော်ဟိန်း၏ လက်သုံး စကားမှာ လူသားအားလုံးကိုလေးစားပါတယ်ဖြစ်သည်။ သူ ထိုစကားကို ရင်ထဲက လှိုက်လှဲစွာ ခံစားမိ၍ ပြောခဲ့ခြင်းဖြစ်သည်။ အနှိမ်ခံ လူသားတစ်ယောက်ဖြစ် ခဲ့၍ လူသားတိုင်း တစ်ဦးချင်းစီ သည် ကိုယ်ပိုင်သိက္ခာ ကိုယ်ပိုင် လေးစားစရာတွေရှိသည်ကို သူ သိ၍ဖြစ်သည်။ ဘဝတစ်လျှောက် ရုန်းကန်မှုတွေဖြင့် ဘဝတိုက်ပွဲ ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် ဦးကျော်ဟိန်းသည် အောင်မြင်မှု တွေ အလီလီသိမ်းပိုက်ပြီးနောက် ရဟန်းဘဝဖြင့် ဘဝတစ်ခန်းရပ် သွားခဲ့ပြီဖြစ်သည်။ ရဟန်းဘဝ ရောက်သွားတော့လည်း ဆရာ တော်သည် လူငယ်များအတွက် စာတွေ ရေးခဲ့ဖူးပါသည်။
‘‘ကိုယ်လုပ်နေတဲ့ အလုပ် တွေနဲ့ပတ်သက်ပြီး လက်ခုပ်သံ ကို မမျှော်လင့်ပါနဲ့။ ဘေးကကြည့် နေတဲ့လူတွေထဲမှာတော့ အား ပေးတဲ့လူရှိသလို အသားလွတ်ဆဲ ဆိုနေတဲ့ အသံတွေကလည်း ဆူ ညံနေမှာ သေချာတယ်။ လှည့် ကြည့်နေရင် ခြေလှမ်းယိုင်တယ်။
ဆက်သာလျှောက်...
အသံတွေနောက်မှာ ကျန်ခဲ့ လိမ့်မယ်။ လမ်းဆုံးရင် သရဖူ ဆောင်းပေးမယ့်သူက အဆင် သင့်စောင့်နေတယ်’’တဲ့။
ကိုးကား
- ဆရာအောင်သင်း၏ ကျော် ဟိန်းလို့ နာမည်ကြီးတဲ့လူတစ် ယောက် အင်တာဗျူး
- ကျော်ဟိန်း၏ ကျော်ဟိန်းများ စာအုပ်
Ref: 7Day
Credit: 7Day
All Photo & Post Credit
#သိုး