ချစ်လူမိုက် စိုးလွင်လွင်နှင့် မောင့်မျက်ရည်ဝိုင်းသီချင်းများ၏ ရာဇဝင်

၁၉၈၀ ခုနှစ်များဆီမှ ထင်ပေါ်ကျော်ကြားသည့် အဆိုတော်တစ်ယောက် စိုးလွင်လွင်
၁၉၇၉ – ၈၀ တဝိုက် ငါးလုံးတန်းဘက် ပိုက်လုံးပေါ်မှာ ညဘက် ဂစ်တာ အတီးကောင်းတဲ့ သူတယောက် မကြာခဏ ရောက်လာတတ်တာသတိထားမိတယ်။ နောက်မှ သိရတာ ၁၂ လုံး တန်းကတဲ့။
မိုးဖွဲဖွဲမှာ ဂီတာကို ရင်မှာပိုက် ပုဆိုးခြုံနဲ့ ပိုက်လုံးပေါ် ခပ်သွက်သွက်လျှောက်ပြီး သီချင်းအော်ဆိုသွားတဲ့ လူတယောက်ကို ညပိုင်း တွေ့မိလိုက်တယ်။ သိတဲ့ သူငယ်ချင်းတယောက်က ” အဲဒါ “ပိုပို” ၁၂ လုံးတန်းက ” တဲ့။
၁၉၈၄ ခုနှစ်က “ ချစ်လူမိုက် ” အမည် ပေးထားတဲ့ တေးစီးရီးစ် ထုတ်ခဲ့ပြီး “ ငယ်သူမို့ ” သီချင်း အပါအဝင် တခွေလုံးနီးပါး ပေါက်ခဲ့တယ်။
အဆိုတော် “စိုးလွင်လွင်” ၁၂ လုံးတန်းကတဲ့။ စိုးလွင်လွင် နာမည်ကို ထပ်ကြားဖူးတာပါ။ ၁၉၈၅ ငါးလုံးတန်းမှာ စတိတ်ရှိုး တီးကြတော့
သီချင်းဆိုပေးဖို့ စိုးလွင်လွင်ကို သိတဲ့သူနဲ့ အကူအညီ သွားတောင်းခဲ့ဘူးတယ်။ အဲ့တုန်းက သူကငါးလုံးတန်း စာကြည့်တိုက်နား နှစ်ထပ်အောက်ခန်းမှာ နေတာ။
မီးလုံးမှိန်မှိန် ဧည့်ခန်းထဲမှာ စိုးလွင်လွင်နဲ့ ညဦးပိုင်း တွေ့တယ်။ ဆံပင်တိုတို၊ စွတ်ကြယ်လက်ပြတ်၊ ပုဆိုးတိုတို၊ ရုပ်ဖြောင့်ဖြောင့်။
ဧည့်ခန်းထဲကကျွန်းဘီဒိုဟောင်း တလုံးပေါ်မှာ ဂစ်တာထည့်တဲ့ သားရည်အိတ် အနက်တလုံး ဘေးစောင်း လှဲထားတယ်။
“ ကျွန်တော်ရပ်ကွက်နဲ့ Clash (အချင်းဖြစ်ပွား) မှာ စိုးတယ် ” သူက တိုးတိုးညင်သာ ပြောတယ်။ သူ့ ဘယ်ဘက် လက်ချောင်းလေးတွေက ဂစ်တာကော့ဒ် ကိုင်နေသလို
အထက်အောက် လှုပ်ရှားနေကြတယ်။ အနုပညာသမား ဖြစ်လို့ လူက ပျော့ပြောင်းပြီး ယဉ်ကျေးတဲ့ အမူအယာ ရှိတယ်။
နောက်ပိုင်း အဆိုတော် စိုးလွင်လွင်သီချင်းကို နေရာတိုင်းမှာ ကြားနေရပြီ။ ၁၉၈၈ အရေးတော်ပုံ မဖြစ်ခင်အထိ ဆံပင်စုတ်ဖွားနဲ့ ဆေးပေါ့လိပ်ခဲထားတဲ့ စိုးလွင်လွင်ကို ရန်ကင်းမှာမကြာခဏ တွေ့ရတတ်တယ်။
သူ့အတွေးနဲ့သူ ပျော်မွှေ့နေပြီး ဘဝကိုသူအဆင်ပြေသလို ဖြတ်သန်းနေတဲ့ကိုယ်ပိုင်သံစဉ် နာမည်ကြီး ရန်ကင်းသား အဆိုတော် တယောက်ပါ။
၁၉၉၅ ကျွန်တော် အလုပ်လုပ်တဲ့ကုမ္ပဏီမှာ လူအချို့ အလုပ်ခန့်ဖို့ အင်တာဗျုး ရတယ်။ လူတယောက် CV ကို ကြည့်လိုက်တော့ “ရန်ကင်း” ဆိုတော့ စိတ်ဝင်စားမိသွားတယ်။
အရပ်ရှည်ရှည် မျက်ခုံးကောင်းကောင်း လူငယ်တယောက်အခန်းထဲ ဝင်လာတယ်။ နာမည်က မိုးသွင်သွင်။ အဆိုတော် စိုးလွင်လွင် ညီတဲ့။
ကျွန်တော် ဘာမှ မေးမနေတော့ဘူး။ မိုးသွင်သွင်ကို အလုပ်ခန့်ပေးဖို့ ထောက်ခံ လိုက်တယ်။ သူ့အကို စိုးလွင်လွင်ကို လေးစားတာရယ်၊ ရန်ကင်းသား ဖြစ်နေလို့ပါ။
ရန်ကင်းသား အဆိုတော် စိုးလွင်လွင်ကို ၁၉၆၂ စက်တင်ဘာ မွေးဖွားခဲ့တယ်။ အိမ်နာမည် ပိုပို ခေါ်တဲ့ စိုးလွင်လွင်ဟာ ၁၉၈၀ စတီရီယို တေးဂီတလောကထဲ ခြေချခဲ့တယ်။
နာမည်ကြီး အဆိုတော် ဖြစ်ကြတဲ့ရန်ကင်းသား ကိုင်ဇာ၊ လွှမ်းမိုးနဲ့ မောင်ဂဠုန်အတွက် နာမည်ကျော်တေးသီချင်းများစွာ သူ ရေးဖွဲ့ပေးခဲ့တယ်။
စိုးလွင်လွင် ထုတ်ဝေခဲ့တဲ့ တေးစီးရီးအယ်ဘမ် ၂၈ ခုလုံးကို သူ့ပရိတ်သတ်များ အရမ်း အားပေးခဲ့တယ်။စိုးလွင်လွင် ဖန်တီးခဲ့တဲ့ အနုပညာလက်ရာများကို Alternative ,Andie အမျိုးအစားလို့ ဂီတပညာရှင်များ သတ်မှတ်ထားတယ်။
စိုးလွင်လွင် ခံစား သီဆိုထားတဲ့သီချင်းများစွာထဲမှာ အကြိုက်ဆုံးလေးပုဒ် ရှိပါတယ်။ ဒီနေ့အထိလည်းမကြာခဏ ပြန်နားထောင်ဖြစ်တယ်။
ရန်ကင်းသား တေးရေးညီညီစံ ရေးဖွဲ့ထားတဲ့ (ကိုယ်ချစ်)။ စာသားကိုလတ် (မြန်မာစာ) သီကုံးပြီး သံစဉ် စိုးလွင်လွင် ရေးဖွဲ့ သီဆိုထားတဲ့ (ကိုယ်ချင်းစာ နာခဲ့ရပြီ)။
ရန်ကင်းသား တေးရေးညီညီစံ ရေးဖွဲ့တဲ့ (ဂန္တဝင်ဆည်းဆာ) နဲ့။ ရန်ကင်းသား အဆိုတော် ကိုင်ဇာ ရေးဖွဲ့တဲ့ (မောင့်မျက်ရည်ဝိုင်း) သီချင်းတွေပါ။
ဒိပြင့် သီချင်းကောင်းတွေ အများကြီး ရှိသေးပေမယ့် အခု လေးပုဒ်ကို အတော် ကြိုက်ပါတယ်။ မောင့်မျက်ရည်ဝိုင်းကို ရန်ကင်းသားအဆိုတော် အောင်ခိုင်မော် သီဆိုခဲ့သေးတယ်။
ရန်ကင်းသား အဆိုတော် စိုးလွင်လွင်ဟာ ၁၉၉၉ ဇူလိုင်လမှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့မိသားစု ရန်ကင်းမှာ ကျန်ခဲ့တယ် ကြားမိပါတယ်။
ပရိတ်သတ် လက်ခံတဲ့ အနုပညာရှင်ဟာ လူသေပေမယ့် နာမည် မသေပါဘူး။ အဆိုတော် စိုးလွင်လွင် နာမည်ကျော် သီချင်းများ အမြဲ ပျံ့လွှင့်နေမှာပါ။
တလောက ဆုံးသွားတဲ့ ကိုဒေဝ (စိုးလွင်လွင် သားကြီး) နဲ့ Online မှာ ဆုံခဲ့တယ်။ သူ့အဖေအကြောင်း ရေးဖွဲ့ထားတဲ့ PDF ဖိုင် တခု လက်ဆောင်ပေးခဲ့သေးတယ်။
စိုးလွင်လွင် နှင့် မောင့်မျက်ရည်ဝိုင်း သီချင်း၏ နောက်ခံရာဇဝင်
ကိုင်ဇာရေးပြီး စိုးလွင်လွင် ဆိုခဲ့တဲ့”မောင့်မျက်ရည်ဝိုင်း” ဆိုတဲ့ သီချင်းမှာလည်း နောက်ခံ ရာဇဝင်လေး တစ်ခု ရှိနေခဲ့ပါတယ်ဗျာ။ မှတ်တမ်းတင်လိုက်ပါရစေ။
အောင်ခိုင်မော်ဟာ “မောင့်မျက်ရည်ဝိုင်း” သီချင်းကို ပထမဆုံး သီဆိုခဲ့သူပါ ။ အောင်ခိုင်မော်ဟာ ကိုင်ဇာ ပထမဆုံးစီးရီးစ် “အကျည်းတန်၏ အထီးကျန် အတ္ထုပတ္တိ” အခွေထွက်ပြီး သိပ်မကြာခင်မှာပဲ “မောင့်မျက်ရည်ဝိုင်း” နာမည်နဲ့ပဲ စီးရီး ထွက်ခဲ့ဖူးသူပါ ။ Success ရဲ့တီးခတ်မှု နဲ့ပါပဲ ။
“မောင့်မျက်ရည်ဝိုင်း” သီချင်းဟာ အောင်ခိုင်မော် ရဲ့ဖီလင်အစားကို ကိုညီ (ကိုင်ဇာ)က အငှား ခံစားပေးပြီး သီချင်း ရေးပေးခဲ့တာလို့ဆိုပါတယ်။
သူတို့ဇာတ်လမ်းက ရုပ်ရှင်ဆန်ပါတယ်။ ကို Andrew Swe ရေးတဲ့ ကွန်းမန့်လေးကို ဖတ်ကြည့်ရင် ” မောင့်မျက်ရည်ဝိုင်း ” သီချင်းအပြင် “ပုံပြင်လေး ဖြစ်သွားပြီ” ဆိုတဲ့ သီချင်းကပါအောင်ခိုင်မော် ရဲ့ ကိုယ်တွေ့ဇာတ်လမ်း ဖြစ်နေတာကို တွေ့ရမှာပါ။ ဖတ်ကြည့်ပေးကြပါဦး ။
အောင်ခိုင်မော်ကို မော်ကြီးလို့ခေါ်တယ်။ သိစက ဖိုကြီးလို့ခေါ်တာ သတိထားမိတယ်။ မေးကြည့်တော့ မုဆိုးဖိုကြီးကို အတိုကောက် ခေါ်တာ လို့ ပြောတယ် ။
သူ့ရည်းစား သေသွားလို့ သူ မုဆိုးဖို ဖြစ်သွားပြီး ပြောတာကနေ စနောက်ပြီး ခေါ်ကြတာ။ ခင်သွားမှ တကယ် သေသွားခဲ့တာ မဟုတ်ဘူး ဆိုတာ သိလာတယ် ။
သူ့မှာ ချစ်သူ ” ဝိုင်း ” ဆိုတာ ရှိတယ် ။ ဝိုင်း ရဲ့မိဘက သဘောမတူလို့ သူဝိုင်းကို ခိုးပြေးတယ်။ ၃ ရက်လောက် နေတော့ လူကြီးစုံရာနဲ့ပြန်အပ်တယ်။
သွားတောင်းတဲ့အခါ ဝိုင်းအဖေက မင်းနဲ့ပေးစားမဲ့အစား ငါ့သမီးကို ခွေးအမြှီး ဖြတ်ပေးစားမယ်လို့ ပြောလိုက်တယ်။ ဒီလိုနဲ့ ဝိုင်းနဲ့ မော်ကြီး ကွဲပြီး ဖိုကြီး နံမည်ရခဲ့တယ်။
ဒီ ပထမပိုင်း ဇာတ်လမ်းကို ကိုင်ဇာ ပုံပြင်လေး ဖြစ်သွားပြီဆိုပြီး သီချင်းရေးခဲ့တယ်။ သီချင်းရှင်ကို ကြင်နာပါ အခွေထဲမှာ ပါတယ်။
ဝိုင်းက Botany major။ ကျောင်းမှာတွေ့ပေမဲ့ သူ့အနားမှာ အိမ်ကထည့်ပေးလိုက်တဲ့ အစောင့် အမြဲရှိနေလို့စကားပြောလို့ မရဘူး ။
ဝိုင်းရဲ့ အမ၀မ်းကွဲ တယောက်က တဆင့် ဝိုင်းကို အိမ်ထောင်ချပေးဖို့ လုပ်တာ သိရတယ်။ ဝိုင်းက နောက်ဆုံးနှစ် စာမေးပွဲပြီးရင် ယူမယ်လို့ ကတိပေးလိုက်တာ သိရတယ်။ မော်ကြီးလည်း ဒီသတင်းတွေ ကြားတယ်။ သူ့ခံစားချက်တွေကို အခွေထုတ်ချင်တယ် ပြောတာနဲ့ မေမှာ မောင့်မျက်ရည်ဝိုင်း အခွေ သွင်းခဲ့တယ် ။
ကိုင်ဇာ က အခွေခေါင်းစဉ် မောင့်မျက်ရည်ဝိုင်း သီချင်း ပေးခဲ့တယ် ။ အခွေကာဗာက သတို့သမီး၀တ်စုံနဲ့အမျိုးသမီးပုံ။ အခွေထွက်တော့ ဝိုင်းအမ၀မ်းကွဲက တဆင့် အခွေကို ဝိုင်းလက်ထဲကို ထည့်လိုက်တယ် ။
အခွေနားထောင်ပြီး ဝိုင်း မော်ကြီးကိုပြန်ဆက်သွယ်တယ် ပြောတယ်။ ဝိုင်း မင်္ဂလာဆောင်ပွဲ လုပ်ခါနီး တပါတ်အလိုမှာ ဝိုင်းက ဘေးအိမ် ခဏသွားမယ် ပြောပြီး
အိမ်ကထွက် ဘေးအိမ်ရှေ့မှာ ကားနဲ့စောင့်နေတဲ့ မော်ကြီးနောက် တခါတည်း လိုက်သွားခဲ့တယ်။ ဒီတခါတော့ ပြန်မအပ်တော့ဘူး ။
ဒီလို နဲ့ ဝိုင်း နဲ့ မော်ကြီး ပြန်ပေါင်းထုတ်ခဲ့တယ်။ကျနော်တို့ သူငယ်ချင်း အုပ်စုထဲမှာ အရင်ဆုံး မိန်းမရခဲ့သူမို့ ကျနော်တို့ရဲ့ နေ့စဉ် မျိုးစုံ နောက်ပြောင်ခြင်းကို ခံခဲ့ရသူ တစ်ယောက်ပါ ။
အခုတော့ အောင်ခိုင်မော် ဟာကွယ်လွန်ခဲ့ပြီးပါပြီ။ တချို့ သီချင်းလေးတွေရဲ့ ရာဇဝင်ဟာ မှတ်တမ်းတင်ထားရလောက်အောင် ခမ်းနားပါတယ်။
“မောင့်မျက်ရည်ဝိုင်း” သီချင်းကြောင့်ကွဲကွာကြမလို ဖြစ်နေတဲ့ အောင်ခိုင်မော် တို့ ချစ်သူနှစ်ဦးဟာ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါသတဲ့။
ပြန်ပြောပြပေးခဲ့ကြတဲ့ ကိုညီ Kaizar N Win နဲ့ ကို Andrew Sway ကို အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ ။
Source : Google
#crd_to_owner လွင်ဦး(ရန်ကင်း)
#နော်ဂဲလယ်ထူး (စာပေပရဟိတ)